စိတ်ဖိစီးမှုကြောင့် နှလုံးရောဂါ ဖြစ်နိုင်သလား
ဇာတ်ကားတွေထဲမှာ စိတ်တို၊ ဒေါသထွက်ရင်၊ စိတ်ဖိစီးစရာကြုံရင် ရင်ဘတ်ကို ဆုပ်ကိုင်ပြီး လဲကျသွားတာတွေ တွေ့ဖူးကြတယ်မဟုတ်လား။ စိတ်တို၊ စိတ်ဖိစီးတာက နှလုံးရောဂါ တကယ်ဖြစ်နိုင်သလား ဆိုတာကို ဒေါသကြီးတတ်တဲ့သူတွေက သိချင်ကြမယ် ထင်တယ်နော်။
စိတ်ဖိစီးမှုကြောင့် နှလုံးရောဂါ ဖြစ်တယ်လို့ သက်သေတိတိကျကျတော့ မရှိပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှု ဖြစ်တဲ့အခါ နှလုံးနဲ့ သွေးကြောတွေထဲမှာ ယာယီအားဖြင့် သွေးဖိအားများလာတတ်တာကြောင့် မကြာခဏ စိတ်တိုဒေါသထွက်၊ စိတ်ဖိစီးမှုတွေ များရင်တော့ ကာလကြာရှည်တဲ့အခါ နှလုံးနဲ့ သွေးတိုးရောဂါတွေ ဖြစ်လာနိုင်ခြေ ရှိပါတယ်။
စိတ်ဖိစီးမှုများတဲ့ အခြေအနေမှာ ခန္ဓာကိုယ်ကနေ Adrenaline နဲ့ Cortisol ဆိုတဲ့ ဟော်မုန်းတွေကို သွေးထဲကို ထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းတွေက အန္တရာယ်နဲ့ ကြုံရတဲ့အခါ ထွက်ပြေးမှာလား၊ ပြန်တိုက်မှာလား (Fight or Flight) ဆိုတာကို ဆုံးဖြတ်ပေးတဲ့ ဟော်မုန်းတွေပါ။ ဒီဟော်မုန်းတွေကြောင့် နှလုံးခုန်ပိုမြန်ပြီး သွေးကြောတွေလည်း ကျဥ်းလာကာ သွေးဖိအား များလာပါလိမ့်မယ်။ စိတ်ဖိစီးမှု လျော့သွားတဲ့အခါ သွေးဖိအားလည်း ပုံမှန်ပြန်ဖြစ်သွားပါတယ်။
အမြဲတစေ စိတ်ဖိစီးနေတဲ့အခါ ဟော်မုန်းတွေထွက်ပြီး သွေးဖိအားတက်တာက စိပ်လာသလို ကောင်းစွာအိပ်မပျော်တာကလည်း ထိုဟော်မုန်းတွေကို ပိုမိုထွက်စေပါတယ်။
ဒါ့အပြင် စိတ်ဖိစီးမှု များတဲ့အခါ အရက်တွေသောက်တာ၊ ဆေးလိပ်သောက်တာ၊ အာလူးကြော်လို ကျန်းမာရေးနဲ့မညီတဲ့ အဆာပြေ snack တွေ တစွတ်စွတ်စားနေတာမျိုးကြောင့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
စိတ်ဖိစီးမှုလျော့အောင် ဘယ်လိုလုပ်မလဲ?
စိတ်ဖိစီးမှုတွေဟာ အများအားဖြင့် ပြဿနာတစ်ခုခု၊ အကြောင်းအရာတစ်ခုခုကို ကိုယ့်စိတ်က ခံယူပုံကြောင့် ဖြစ်တာပါ။ ကိုယ်ကလက်မခံရင် ဘယ်သူကမှ၊ ဘယ်အခြေအနေကမှ ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်လို့အရပါဘူး။
မျှော်လင့်ချက်တွေ များတဲ့အခါ၊ လိုချင်တာတွေ များတဲ့အခါ စိတ်ဖိစီးတတ်တာမို့ Mindfulness ဆိုတဲ့ ကိုယ့်စိတ်ကို ကိုယ်သိနေတဲ့ အကျင့်ကို လုပ်ပါ။ တရားထိုင်နိုင်ရင် ထိုင်ပါ။ မိမိကိုးကိုယ်ရာ ဘာသာရေးအလုပ်တွေ လုပ်ပြီး စိတ်ငြိမ်းချမ်းအောင် ကြိုးစားပါ။
လေ့ကျင့်ခန်းလုပ်တာကလည်း စိတ်ဖိစီးမှုကို လျော့စေပါတယ်။ အသီးအရွက်များများစားပြီး ရေများများသောက်တာက ခန္ဓာကိုယ်ကိုရော စိတ်ကိုပါ ပေါ့ပါးလန်းဆန်းစေပါတယ်။
တစ်ယောက်တည်း ခံစားနေတာထက် ယုံကြည်ရတဲ့ မိသားစု၊ မိတ်ဆွေတွေကို ရင်ဖွင့်ပါ။ ပျော်ပျော်ရွှင်ရွှင် နေပါ။ တတ်နိုင်သမျှ အကောင်းမြင်စိတ်ထားပါ။ ဘယ်လိုမှ အဆင်မပြေရင် စိတ်ရောဂါကုဆရာဝန်နဲ့ ဆွေးနွေးပြီး ကုသမှုခံယူသင့်ရင် ခံယူရပါတယ်။
စိတ်ဖိစီးမှုဆိုတာ လူတိုင်းအနည်းနဲ့အများ ကြုံတွေ့ကြရတဲ့ အရာပါ။ စိတ်ဖိစီးမှု လျော့အောင် စိတ်ကိုထားတတ်ပါမှ ကျန်းမာတဲ့စိတ်နဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်